မက်ဆီကို သက်တမ်းတိုးဖို့အတွက် ထိပ်တန်းကစားသမား(၄)ဦးရဲ့ လစာကို လျှော့ချရဖွယ် ရှိနေတဲ့ ဘာစီလိုနာ

ဇူလိုင်(၁)ရက်နေ့ကနေ စတင်ပြီး ဘာစီလိုနာအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရပြီး Free Agent ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ရတဲ့ လီယွန်နယ်မက်ဆီကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ ခေါ်ယူချင်နေကြပေမယ့်လည်း မက်ဆီရဲ့ လုပ်ခလစာ မြင့်မားလွန်းမှုကြောင့်ရော ကစားသမားကိုယ်တိုင်ကပါ ဘာစီလိုနာအသင်းမှာသာ သူရဲ့ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းချင်နေတာကြောင့်ပါ မက်ဆီကို အခြားကလပ်အသင်းတွေမှာထက် ဘာစီလိုနာမှာပဲ ဆက်လက်မြင်တွေ့ရဖို့က ရာခိုင်နှုန်း ပိုများနေရတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမား မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လုံးဝလက်မလွတ်သွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတာကြောင့် သက်တမ်းတိုးနိုင်ဖို့ကို အစွမ်းကုန် ကြိုးပမ်းလျက် ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် အသင်းရဲ့ စီးပွားရေးက ထိခိုက်နေရတဲ့အပြင် အသင်းကနေ ကစားသမားတွေအတွက် လစာပေးချေရမှာလည်း လာလီဂါကနေ သတ်မှတ်ထားတဲ့ ပမာဏထက် (၄၀)%ကျော်တောင် ကျော်လွန်နေတာဖြစ်လို့ မက်ဆီကို သက်တမ်းတိုးနိုင်ရေးရော ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကို လာလီဂါမှာ စာရင်းသွင်းနိုင်ရေးမှာပါ အခက်အခဲ ကြုံတွေ့နေရပါတယ်။

ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘာစီလိုနာအသင်းဟာ အသင်းမှာ နေရာသိပ်မရတဲ့ လစာမြင့် ကစားသမားတွေကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တဲ့အပြင် အသင်းအတွက် အရေးပါနေသေးတဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ ဂျော်ဒီအယ်ဘာ ဆာဂျီရောဘတ်တို ဆာဂျီဘူးစကတ်စ်နဲ့ ဂျရတ်ပီကေးတို့ကိုပါ လက်ရှိရရှိနေတဲ့ လုပ်ခလစာပမာဏထက် ရာခိုင်နှုန်းအနည်းငယ်ခန့် လျှော့ယူပေးဖို့အထိပါ အကူအညီတောင်းထားတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေမှာတော့ ဘာစီလိုနာအသင်းဟာ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး မက်ဆီကလည်း သူရဲ့ယခင်လစာကို (၅၀)%အထိ လျှော့ယူသွားမှာဖြစ်သလို အသင်းနဲ့ (၅)နှစ်အထိ သက်တမ်းတိုးမယ်လို့ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့် လစာထက်ဝက်ခန့် လျှော့ယူမယ်ဆိုရင်တောင် မက်ဆီအတွက် အသင်းကနေ တစ်ပတ်ကို ပေါင်(၁.၂)သန်းအထိ ပေးချေရဦးမှာဖြစ်လို့ အခုလို လစာမြင့် ကစားသမားတွေအနေနဲ့ လစာလျှော့ယူပေးဖို့ ဘာစီလိုနာဘက်ကနေ အကူအညီတောင်းခံထားရတာ ဖြစ်ပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started