ပေါ်တူဂီ နာမည်ကြီးနည်းပြ မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်အပြီး ဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေကို ခပ်သွက်သွက် ပြုလုပ်နေတဲ့ စီးရီးအေကလပ် ရိုးမားအသင်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
အသက် ၂၈နှစ် အရွယ် ဆွစ်ဇာလန် ကွင်းလယ်လူ ချာကာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်သလို နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားလိုတာကြောင့် အာဆင်နယ်အသင်းကို စွန့်ခွာဖို့ စဉ်းစားခဲ့ပြီး အသင်းကနေ ထွက်ခွာခွင့်လည်း တောင်းခံခဲ့ပါတယ်။
တဖက်မှာလည်း အာဆင်နယ်အသင်းဟာ အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ပြုလုပ်ဖို့ စဉ်းစားထားတာကြောင့် ချာကာရဲ့ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုကို လိုက်လျောခဲ့ကာ ချာကာရဲ့နေရာ အတွက် အစားထိုးမှုအဖြစ် အန်ဒါလက်ချ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ လိုကွန်ညာကို ခေါ်ယူဖို့ သဘောတူညီမှု ရယူထားနိုင်ပါတယ်။
ရိုးမားအသင်းဟာ ချာကာကို ခေါ်ယူဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လထဲက ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါအချိန်ထဲက အာဆင်နယ်အသင်းနဲ့ ချာကာရဲ့ ပြောင်းရွှေ့ကြေး အတွက် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ကနဦးမှာ ရိုးမားအသင်းက ချာကာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂သန်း ဝန်းကျင်သာ ပေးချေဖို့ ဆန္ဒရှိခဲ့ပြီး အာဆင်နယ်အသင်း ကတော့ ချာကာအတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း အထိ လိုချင်နေတာကြောင့် နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ ခက်ခဲနေတာ ဖြစ်ကာ လက်ရှိမှာတော့ ရိုးမားအသင်းက ချာကာအတွက် ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းခဲ့ပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားအသင်းဟာ ချာကာ အတွက် ကမ်းလှမ်းမှုကို တိုးမြှင့်ကာ ယူရို ၁၈သန်းတန် ကမ်းလှမ်းမှု တခုကို ပြုလုပ်ခဲ့ပြီး အာဆင်နယ် အသင်းကလည်း ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ကြောင်း သိရပါတယ်။
