ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲထားခြင်းမရှိတဲ့ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပြီး
လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဂန္ဓဝင်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲကို ကစားသွားမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် မက်ဂွိုင်းရား လုခ်ရှော ရပ်ရှ်ဖိုဒ့် ပေါ့ဘာ ဖာနန်ဒက်စ် လင်ဒီလော့
ဒီဂီယာ တွမ်မီနေးတို့ကို စေလွှတ်ထားခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲအတွက်ကိုလည်း ဖရက်ကို စေလွှတ်ထားရပါတယ်။
ဒီလိုကစားသမားတွေကလွဲပြီး ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ မာတာ မာတစ် ဂရင်းဝုဒ် တဲလက်စ် ဝမ်ဘစ်ဆာခါ ဒင်းဟန်ဒါဆန်တို့နဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေကို
လုပ်ဆောင်လို့နေပြီး လူငယ်ကစားသမားတွေနဲ့ အငှားပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေမှာလည်း လာရောက်ပါဝင်လို့နေပါတယ်။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မစတင်ခင် ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ် (၅)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး
ကိုဗစ်ဂယက်တွေ ရှိနေတာကြောင့် ခြေစမ်းပွဲအားလုံးကို အင်္ဂလန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ဂန္ဓဝင် ကစားသမားဟောင်း ဝိန်းရွန်နီကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ အဝေးကွင်းမှာ
ခြေစမ်းသွားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ နောက်တစ်ပတ် စနေနေ့မှာ ကျူပီအာအသင်းနဲ့ ဆက်လက် ခြေစမ်းသွားမှာဖြစ်ပါတယ်။
အဲ့ဒီ အဝေးကွင်း ခြေစမ်းပွဲ(၂)ပွဲ ပြီးရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့
ဇူလိုင်(၂၈)ရက်နေ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်(၃၁)ရက်မှာတော့ ပရက်စတန်အသင်းနဲ့ အဝေးကွင်းမှာပဲ ထပ်မံခြေစမ်းမှာဖြစ်ပါတယ်။
သြဂုတ်လအတွင်းမှာတော့ အဲဗာတန်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ခြေစမ်းမှာဖြစ်ပြီး ဒီပွဲကိုတော့ သြဂုတ်(၇)ရက်နေ့မှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။
ဒီပွဲစဉ်တွေကို ယူနိုက်တက်အသင်းရဲ့ တရားဝင် ရုပ်သံလိုင်းဖြစ်တဲ့ MUTV ကနေ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။
