ဝါရင့်ခံစစ်မှူး အယ်ဒါဝီရယ်ကို ကာတာကလပ်အသင်းဆီ ရောင်းချသွားဖို့ သဘောတူညီခဲ့တဲ့ စပါး

ဒီရက်ပိုင်းအတွင်းမှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းတိုးခဲ့ပြီိး အသင်းရဲ့ပစ်မှတ် ဂိုးသမားဂိုလီနီကို အရခေါ်ယူနိုင်ခဲ့တဲ့ စပါးအသင်းဟာ အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ကိုတော့ ကာတာထိပ်သီးကလပ် အယ်ဒူဟေးလ်အသင်းဆီကို ရောင်းချသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အယ်ဒါဝီရယ်ဟာလည်း မကြာခင်မှာပဲ အရှေ့အလယ်ပိုင်းမှာ သူရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းသွားရတော့မှာဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် နောက်ခံကစားသမားကြီး တိုဘီအယ်ဒါဝီရယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကတည်းက အသက်လက်တီကိုမက်ဒရစ်အသင်းကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၂၄၃)ပွဲအထိကို ပါဝင်ကစားထားပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းက ခံစစ်ပိုင်းကို အပြောင်းအလဲများစွာ လုပ်ဆောင်သွားဖို့ ရှိနေပြီး ဆီဗီလာနောက်ခံလူ ခွန်ဒယ် ဝုလ်ဗ်နောက်ခံလူ ကော်နာကိုဒီနဲ့ အတ္တလန်တာ နောက်ခံလူ ခရစ္စတီယန်ရိုမဲရိုးတို့ကို ပစ်မှတ်ထားနေတဲ့အတွက် အသင်းရဲ့ခံစစ်ပိုင်းက အယ်ဒါဝီရယ်အပါအဝင် ကစားသမားတချို့ကို ရှင်းထုတ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒီလို အသင်းနဲ့ လက်တွဲဖြုတ်ရတော့မယ့် ဝါရင့်နောက်ခံကစားသမားကြီး အယ်ဒါဝီရယ်ကို ကာတာကလပ် အယ်ဒူဟေးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁၃)သန်းနဲ့ ရောင်းချသွားဖို့အတွက် စပါးအသင်းဘက်ကနေ သဘောတူညီခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း မကြာခင်မှာပဲ အယ်ဒူဟေးလ်အသင်းနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မယ်လို့ The Telegraph ကနေ ဖော်ပြသွားခဲ့ပါတယ်။ ကနဦးပိုင်းမှာတော့ အယ်ဒါဝီရယ်ကို သူရဲ့မွေးရပ်မြေ ဘယ်ဂျီယံက ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရွိုင်ရယ်အန့်ဝပ်အသင်းကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် စပါးအသင်းဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ မကမ်းလှမ်းနိုင်ခဲ့တာကြောင့် အပြောင်းအရွှေ့က အထမမြောက်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ခံစစ်ပိုင်းအတွက် အတ္တလန်တာအသင်းရဲ့ အာဂျင်တီးနားခံစစ်ကစားသမား ရိုမဲရိုးကို အလိုရှိနေပြီး ကစားသမားနဲ့လည်း Personal Agreed ရယူထားနိုင်ခဲ့ပေမယ့် ရိုမဲရိုးက ဂျုဗင်တပ်စ်ကနေ အတ္တလန်တာမှာ (၂)နှစ်အငှား+အပြီးသတ်ခေါ်ယူခွင့်နဲ့ လာရောက်ကစားနေသူဖြစ်လို့ သူ့ကို အရခေါ်ယူဖို့အတွက် ဂျုဗင်တပ်စ်နဲ့ရော အတ္တလန်တာအသင်းနဲ့ပါ အသေအချာ ဆွေးနွေးရဖွယ် ရှိနေပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started