လာကာဇက်ကို ရောင်းထုတ်ပြီး အေဘရာဟမ်ကို ပြန်လည်ခေါ်ယူသွားမယ့် အာဆင်နယ်အသင်း

အာဆင်နယ်အသင်းကတော့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ကစားသမား အလက်ဇန်းဒါးလာကာဇက်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လျက်ရှိနေပြီး သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးအသင်းမှာ နေရာပျောက်ဆုံးနေရတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်ဟာ ၂၀၁ရခုနှစ်ကမှ လိုင်ယွန်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်နှစ်အတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အာဆင်နယ်အသင်းဘက်ကနေ တိုက်စစ်မှူးလာကာဇက်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိပဲ အခုနွေစျေးကွက်အတွင်းမှာပဲ အသင်းကနေသာ ရောင်းထုတ်သွားဖွယ် ရှိနေရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ လတ်တလောမှာ လာကာဇက်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေကို ရှာဖွေလျက်ရှိနေပြီး လာကာဇက်ကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင်လည်း သူ့နေရာမှာ အေဘရာဟမ်နဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီး လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးစီနီယာအသင်းအတွက် ပွဲထွက်ခွင့်မရခင်မှာ ဘရစ္စတိုး ဆွမ်ဆီး အက်စတွန်ဗီလာအသင်းတွေမှာ အငှားထွက်ကစားခဲ့ရပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပဲ ချယ်လ်ဆီးအသင်းကြီးအတွက် ပါဝင်ကစားခွင့် ရလာခဲ့ပါတယ်။ အသင်းနဲ့အတူ ပထမဆုံး ဖြတ်သန်းခဲ့ရတဲ့ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး စုစုပေါင်း (၁၈)ဂိုး သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း သွင်းဂိုးပေါင်း (၁၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အေဘရာဟမ်ဟာ အသင်းမှာ တီမိုဗာနာ ကိုင်းလ်ဟားဗက်ဇ်တို့နဲ့ ဒုတိယဦးစားပေးအဖြစ်နဲ့သာ ပါဝင်ကစားနေရတာကြောင့် နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ချယ်လ်ဆီးဘက်ကလည်း သူတို့အလိုရှိနေတဲ့ ကစားသမားတွေ ရရှိနိုင်ရေးအတွက် အေဘရာဟမ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ်နဲ့သာ အသုံးချလျက် ရှိနေပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ အေဘရာဟမ်ကို အာဆင်နယ်အသင်းဘက်ကနေ တစ်ရာသီအငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖွယ် ရှိနေပြီး အေဘရာဟမ်ကို မကမ်းလှမ်းခင် လာကာဇက်ကို အသင်းကနေ အရင်ရှင်းထုတ်ဖွယ် ရှိနေပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started