ပေါ့ဘာကို ပေါင်(၄၃)သန်းဝန်းကျင်နဲ့သာ စတင်ကမ်းလှမ်းသွားဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားမှုတွေ ရှိနေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ တရားဝင် ကမ်းလှမ်းမှု တစ်စုံတစ်ရာကို လုပ်ဆောင်ထားခြင်းမရှိသေးဘူးလို့ Manchester Evening News ကနေ ဖော်ပြလာခဲ့ပြီးနောက် Daily Mail သတင်းစာကနေပါ ပီအက်စ်ဂျီအနေနဲ့ ပေါ့ဘာအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၃)သန်းဝန်ကျင်လောက်နဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Manchester Evening News သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေနဲ့ အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူနိုင်ဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရယူထားနိုင်ခဲ့ပေမယ့်လည်း တရားဝင် ကမ်းလှမ်းချက်တွေကိုတော့ လုပ်ဆောင်လာသေးခြင်း မရှိသေးဘူးလို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ပေါ့ဘာကို ယူနိုက်တက်ဘက်က အသင်းမှာ ဆက်လက်ထိန်းသိမ်းထားချင်နေပေမယ့် ကစားသမားကိုယ်တိုင်ကတော့ သူရဲ့မွေးရပ်မြေက နာမည်ကြီး ကလပ်အသင်း ပီအက်စ်ဂျီဆီကိုသာ ပြောင်းရွေ့ချင်နေတာဖြစ်ပါတယ်။

ဒီလို အသင်းဆီကို ရောက်လာချင်နေတဲ့ ပြင်သစ်ကြယ်ပွင့် ပေါ့ဘာအတွက် ပီအက်စ်ဂျီအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖို့ ရှိနေတယ်ဆိုပေမယ့် ပေါ့ဘာရဲ့ လက်ရှိတန်ကြေးထက် အနည်းငယ် လျှော့နည်းနေနိုင်တဲ့ ပြောင်းရွှေ့ကြေးမျိုးဖြစ်တဲ့ ပေါင်(၄၃)သန်းနဲ့သာ စတင်ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ Daily Mail ဖော်ပြချက်ထဲမှာလည်း ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပေါ့ဘာအပြောင်းအရွှေ့အတွက် တွေ့ဆုံဆွေးနွေးလျက် ရှိနေတယ်လို့ သိရှိရပြီး ပေါ့ဘာနဲ့ ပီအက်စ်ဂျီအသင်းတို့ အပြောင်းအရွှေ့ အထမြောက်ခဲ့မယ်ဆိုရင်လည်း ရွိုင်အိုလာအတွက် အေးဂျင့်ခက မြိုးမြိုးမြက်မြက် ရရှိနိုင်ဖွယ် ရှိနေပါတယ်။ ရွိုင်အိုလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းလေးကပဲ သူရဲ့ကစားသမားဖြစ်သူ ဂိုးသမားဒွန်နာရမ်မာကိုပါ ပီအက်စ်ဂျီအသင်းဆီ ပို့ဆောင်ထားခဲ့တာကြောင့် ပီအက်စ်ဂျီနဲ့ ရွိုင်အိုလာတို့ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိနေမှာ သေချာနေတဲ့အတွက် ရွိုင်အိုလာရဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ့ဘာလည်း ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာဖို့ ဖြစ်နိုင်ခြေများလာခဲ့ရပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started