အီတလီကြယ်ပွင့် အင်ဆစ်ဂနီရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်တဲ့ နာပိုလီအသင်း

ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ရတဲ့ အီတလီလက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား လော်ရန်ဇိုအင်ဆစ်ဂနီကို အီတလီထိပ်သီး ကလပ်အသင်းများစွာအပြင် ပရီးမီးယားလိဂ်က စပါးအသင်းကနေလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတာကြောင့် နာပိုလီအသင်းကနေ သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃၀) သတ်မှတ်ထားတယ်လို့ Corriere Dello Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၃၀)အရွှယ်ရှိ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား အင်ဆစ်ဂနီဟာ ၂၀၀၆ခုနှစ်ကတည်းက နာပိုလီ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တာဖြစ်ပြီး စီနီယာအသင်းအတွက် ပွဲထွက်မကစားရခင် အီတလီကလပ်အသင်း (၃)သင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါသေးတယ်။ အငှားကစားသမားဘဝနဲ့ (၃)နှစ်နီးပါးလောက် ကျင်လည်ခဲ့ပြီးတဲ့နောက်မှာ အင်ဆစ်ဂနီဟာ ၂၀၁၂ခုနှစ်နောက်ပိုင်း နာပိုလီအသင်းကြီးမှာ ပါဝင်ကစားခဲ့ရပြီး အခုဆို အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်လည်း ဖြစ်နေရသလို အသင်းခေါင်းဆောင်တာဝန်ကိုပါ ရယူထားနိုင်တာဖြစ်ပါတယ်။

နာပိုလီအသင်းနဲ့အတူ ကိုပါအီတလီယာဖလား(၂)ကြိမ် အီတလီစူပါဖလား (၁)ကြိမ် ရယူနိုင်ခဲ့တဲ့ အင်ဆစ်ဂနီဟာ ဒီနှစ်အတွင်းမှာလည်း သူရဲ့ အီတလီလက်ရွေးစင်အသင်းနဲ့ပါ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း အကြီးမားဆုံး အောင်မြင်မှုကြီးတစ်ခုကို ရယူနိုင်ခဲ့ပြီး ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားခြင်းကိုပါ ရရှိလာခဲ့ပါတယ်။ လက်ရှိ အင်ဆစ်ဂနီဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းက သက်တမ်းတိုးချင်နေပေမယ့် ကစားသမားဘက်ကတော့ ကစားသမားဘဝကနေ အနားမယူခင်မှာ ဆယ်စုနှစ်တစ်ခုကျော် ဖြတ်သန်းခဲ့တဲ့ နာပိုလီကနေ ထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေကို ရှာဖွေချင်တာကြောင့် အသင်းပြောင်းချင်နေတာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် အခြေအနေ လှုပ်ခတ်လျက်ရှိနေတဲ့ အင်ဆစ်ဂနီကို လာဇီယို အေစီမီလန် အင်တာမီလန်တို့လို စီးရီးအေ ထိပ်တန်းကလပ်အသင်းတွေကနေ စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ထိပ်သီးကလပ် စပါးအသင်းကပါ ပစ်မှတ်ထားလို့နေပါတယ်။ ဒီလို အသင်းများစွာရဲ့ ပစ််မှတ်ဖြစ်နေတဲ့ အင်ဆစ်ဂနီကို နာပိုလီအသင်းဘက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင် သတ်မှတ်လို့ထားပြီး နာပိုလီဘက်က သူတို့ရဲ့ စီးရီးအေပြိုင်ဘက်အသင်းတွေထက် စပါးလို ပြည်ပလိဂ်က ကလပ်အသင်းတွေဆီကိုပဲ ရောင်းချသွားချင်နေတာ ဖြစ်ပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started