ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာ အနားယူနေရာကနေ ပြန်လည်သက်သာလာခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်းမှာပါ ပါဝင်ကစားနိုင်ခဲ့သေးတဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန်ဟန်ဒါဆန်ကို လီဗာပူးလ်အသင်းဘက်ကနေ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ဘာမှထူးခြားလာခြင်း မရှိပဲ သက်တမ်းတိုးမယ့် အခြေအနေတွေ ရှုပ်ထွေးလျက် ရှိနေတာကြောင့် ကစားသမားရဲ့ အနာဂတ် အခြေအနေတွေပါ လှုပ်ခတ်လာနေခဲ့တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။
အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၁ခုနှစ်မှာပဲ ဆန်းဒါးလန်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကနေ စတီဗင်ဂျရတ် ထွက်ခွာသွားခဲ့တဲ့ ၂၀၁၅ခုနှစ်ကနေစတင်ပြီး အသင်းခေါင်းဆောင် တာဝန်ကိုပါ လွှဲပြောင်းရရှိခဲ့တဲ့ ဟန်ဒါဆန်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပရီးမီးယားလိဂ်ဖလား (၁)ကြိမ် ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ (၁)ကြိမ်စီ ပိုင်ဆိုင်နိုင်ခဲ့ကာ အသင်းကို အကောင်းဆုံး မောင်းနှင်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိ အသင်းမှာ အဓိက ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်လည်း ထွက်ခွာသွားခဲ့ပြီ ဖြစ်တာကြောင့် အသင်းအတွက် အရေးပါလှတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လီဗာပူးလ်ဘက်ကနေ သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ဟန်ဒါဆန်ကို လီဗာပူးလ်အသင်းဘက်ကရော အသင်းပိုင်ရှင်တွေကပါအစ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပေမယ့်လည်း The Athletic ရဲ့ ဖော်ပြချက်မှာတော့ အသင်းနဲ့ ကစားသမားရဲ့ကြား သက်တမ်းတိုးမယ့် ကိစ္စရပ်က လုံးဝပျက်သွားခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေလျက် ရှိနေပေမယ့် အခြေအနေတွေက ရှပ်ရှုပ်ထွေးထွေးတွေ ဖြစ်နေတာကြောင့် သက်တမ်းတိုးနိုင်ရေးက မရေမရာ ဖြစ်နေရတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတဲ့ ဟန်ဒါဆန်ဟာ ကလပ်အသင်းတချို့နဲ့ပါ အပြောင်းအရွှေ့သတင်းတွေ ချက်ချင်းထွက်ပေါ်လာခဲ့သလို လီဗာပူးလ်အသင်းကလည်း ဒီနွေစျေးကွက်အတွင်း ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့က အဓိက ဦးစားပေးကိစ္စ ဖြစ်လာခဲ့ရပါတယ်။
