စပို့တင်း လူငယ် ဘယ်နောက်ခံလူ မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ မန်စီးတီး

ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းဟာ သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်တောင်ပံ ခံစစ်နေရာ အတွက် ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဘယ်နောက်ခံလူ နူနို မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ စီစဉ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး လက်ရှိမှာတော့ ကန်ဆယ်လို တဦးထဲသာ အားကိုးနေရတဲ့ အသင်းရဲ့ ဘယ်နောက်ခံလူ နေရာအတွက် ကစားသမားသစ် ခေါ်ယူဖို့ စတင် စဉ်းစားနေပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကန်ဆယ်လို ၊ ဇင်ချန်ကိုနဲ့ မန်ဒီတို့ကို ပိုင်ဆိုင်ထားပေမယ့် ကန်ဆယ်လိုနဲ့ ဇင်ချန်ကိုတို့ဟာ ဘယ်တောင်ပံ နောက်ခံလူစစ်စစ်တွေ မဟုတ်ကြသလို မန်ဒီကလည်း ပုံမှန် ခြေစွမ်း မရှိတာကြောင့် အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် ဘယ်နောက်ခံလူ မန်ဒက်ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ မန်ဒက်ဟာ စပို့တင်းအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ကာ စပို့တင်းအသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၁ပွဲ အထိ ပါဝင် ကစားပေးထားကာ သွင်းဂိုး ၂ဂိုး သွင်းယူပေးထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

မန်ဒက်ဟာ ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်သလို အလိမ်အခေါက် ၊ လျင်မြန်မှု ၊ အမြင် စတဲ့ အပိုင်းတွေမှာ အားသာတဲ့ ကစားသမား တဦး ဖြစ်ပြီး စပို့တင်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကာ ခြေစွမ်းပြနေတဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်က မန်ဒက်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ တိုက်တွန်းဖူးပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ မန်ချက်စတာ စီးတီးအသင်းဟာ မန်ဒက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် စပို့တင်းအသင်းက မန်ဒက်အတွက် လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို မပေးချေလိုပဲ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့သာ မန်ဒက်ကို စတင် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် စပို့တင်းအသင်း ကတော့ မန်ဒက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဆိုတာဟာ နည်းပါးလွန်းတယ်လို့ ယူဆထားပါတယ်။

Leave a Reply

Create your own website, free on WordPress.com.Create your own website.
Start free