ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ မန်ယူအသင်း

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အဆင်မပြေ ဖြစ်နေတဲ့ ဂျာမန် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ရှိနေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အလားအလာ မရှိပါဘူး။

ဂေါ်ရက်ဇ်ကာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အခွန်မဆောင်မီ လုပ်ခလစာ တနှစ်ကို ယူရို ၂၀သန်း အထိ လိုချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ တနှစ် လုပ်ခလစာ ယူရို၁၀သန်းနဲ့ ၁၂သန်း ကြားသာ ပေးချေချင်ကြောင်း ပြောကြားထားတာကြောင့် နှစ်ဦးနှစ်ဖက်ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုဟာ မတိုးတက်ပဲ ဆုတ်ယုတ်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဂေါ်ရက်ဇ်ကာရဲ့ အေးဂျင့်တို့ ကြားမှာ ခိုင်မာတဲ့ ဆက်သွယ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ပေါ့ဘာကို ပီအက်စ်ဂျီအသင်းထံ လက်လွှတ်ရဖို့ ရှိနေတာကြောင့် ဂေါ်ရက်ဇ်ကာကို ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် ယခု နွေဈေးကွက်မှာ ခေါ်ယူဖို့ထက် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ ခေါ်ယူဖို့ ရှိပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂေါ်ရက်ဇ်ကာရဲ့ အေးဂျင့်နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂေါ်ရက်ဇ်ကာကို သူ လိုချင်တဲ့ လုပ်ခလစာ ပေးချေကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started