ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားများစွာကို ရယူသွားဖို့ ပစ်မှတ်ထားလျက်ရှိနေတဲ့ ဒီပိုင်း

အခုနှစ်ရဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းက သူရဲ့တိုက်စစ်ကစားဟန်ကြောင့် အသင်းသစ် ဘာစီလိုနာမှာ အံ့ဝင်အောင် ကစားနိုင်မယ်လို့ ယုံကြည်လျက်ရှိနေပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုများစွာကိုပါ ရယူသွားနိုင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ ပီအက်စ်ဗွီလူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း (၂)နှစ်နီးပါး ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်မှာ အံ့မဝင်နိုင်ခဲ့တဲ့ ဒီပိုင်းဟာ ၂၀၁ရခုနှစ်မှာပဲ လိုင်ယွန်အသင်းကို ပြောင်းရွှေ့ခဲ့ရပြီး လိုင်ယွန်မှာတော့ သူရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရရှိခဲ့သလို အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ပေးခံခဲ့ရပါတယ်။ ဒါပေမယ့် လိုင်ယွန်မှာ (၄)နှစ်ဝန်းကျင်လောက် ပါဝင်ခဲ့ပြီးတဲ့နောက်မှာ သူရဲ့နယ်သာလန်နည်းပြဟောင်း ရော်နယ်ကိုးမန်းရှိရာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရရှိခဲ့တာနဲ့ပတ်သက်ပြီး ဒီပိုင်းက “ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့နေ့က တကယ့်ကို ထူးခြားတဲ့ နေ့ရက်တစ်ရက်ပါပဲ။ ဒီအသင်းနဲ့ ဒီအသင်းရဲ့အိမ်ကွင်းကြီးဆီကို သွားရောက်ရဖို့အတွက် ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားနေခဲ့ရတယ်။ အဲ့ဒီနေ့က မြင်မြင်သမျှ အရာအားလုံးက လှပနေသလိုပါပဲ။ တကယ့်ကို ထူးခြားတဲ့ နေ့ရက်လေးတစ်ရက်ပါပဲ။ ကျွန်တော်က ကမ္ဘာပေါ်မှာ ထိပ်တန်းအဆင့်ရှိနေတဲ့ ကလပ်အသင်းကြီးဆီကို ရောက်ရှိလာခဲ့တာဖြစ်လို့ ဒီအသင်းနဲ့အတူ ဆုဖလားတွေများစွာ ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဘာစီလိုနာအသင်းက သမိုင်းကြောင်းကောင်းခဲ့တဲ့ အသင်းကောင်တစ်သင်း ဖြစ်သလို လက်ရှိမှာလည်း ထိပ်တန်းအသင်းတစ်သင်း ဖြစ်နေပါသေးတယ်။ ကျွန်တော်လည်း အနားယူလို့ ပြီးဆုံးသွားပြီဆိုတော့ အခုအချိန်က လာမယ့်ဘောလုံးရာသီအတွက် ပြန်လည်အာရုံစိုက်ရတော့မယ့် အချိန်ပါ။ ဘာစီလိုနာအသင်းနဲ့အတူ ကျွန်တော်ရဲ့ ပွဲဦးထွက်ရာသီကို အကောင်းဆုံး တာထွက်ချင်ပါတယ်။ ဒီအတွက်ကိုလည်း ကျွန်တော် အသေအချာလေး အာရုံစိုက်ထားပါတယ်။ လာလီဂါမှာလည်း ခပ်မြန်မြန် အထိုင်ကျနိုင်အောင် ကျွန်တော်ကြိုးစားသွားပါမယ်” လို့ စပိန်နာမည်ကျော် သတင်းစာကြီး Mundo Deportivo နဲ့ အင်တာဗျူးအတွင်းမှာ ပြောဆိုလို့သွားခဲ့ပါတယ်။

Leave a Reply

Create your own website, free on WordPress.com.Create your own website.
Start free